International News

ရုရှားသည် ဆန်နှင့် ဂျုံပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ပါသလား

Last Updated:

အိန္ဒိယအစိုးရသည် ဇူလိုင်လကုန်ပိုင်းတွင် ဘတ်စမာတီဆန်မှလွဲ၍ အခြားသောဆန်အမျိုးအစားများအား ပြည်ပသို့တင်ပို့ခြင်းကို တားမြစ်ခဲ့ပါသည်။ အယ်နီညိုဖြစ်စဉ်အပြင် ဇူလိုင်လတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဆန်စပါးစိုက်ခင်းများပျက်စီးခဲ့ရသဖြင့် အိန္ဒိယသည် ၎င်း၏ ပြည်တွင်းဈေးကွက်တွင် ဆန်အလုံအလောက်ရှိစေရန် တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် ရုရှားနိုင်ငံသည် မကြာမီတွင် ဆန်နှင့်ဂျုံပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုတို့ကိုဖြစ်ပေါ်စေသည့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိပါသည်။

ရုရှားနိုင်ငံသားများသည် နှစ်စဉ် ဆန်တန်ချိန် ၁ သန်းစားသုံးကြပြီး ထိုအထဲမှ တန်ချိန် ၂၀၀,ဝဝဝ ခန့်သည် ဆန်လုံးရှည်များဖြစ်ကြောင်း ရုရှားကောက်ပဲသီးနှံသမဂ္ဂဥက္ကဋ္ဌ Mr. Arkady Zlochevsky က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသည့် ဆန်လုံးရှည်သည် အိန္ဒိယမှ တင်သွင်းလျက်ရှိပြီး လက်ရှိတွင် အိန္ဒိယသည် ဘာစမာတီအမျိုးအစားဆန်လုံးရှည်တင်ပို့မှုကို ကန့်သတ်ထားခြင်းမရှိပေ။ သို့သော် ရုရှားနိုင်ငံသည် ဆန်လုံးတိုကိုသာ ပြည်တွင်း၌ အဓိကစားသုံးကြပြီး ပြည်ပပို့ကုန်အတွက်ပါ လုံလောက်မှုရှိကြောင်း၊ ယခုနှစ်တွင် ဆန်တန်ချိန် ၁.၁ သန်းခန့်အထိ ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း Zlochevsky မှ ပြောကြားထားသည်။

ရုရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း အလားတူခန့်မှန်းချက်ကို ကိုးကားသုံးသပ်ထားပါသည်။ ထို့အပြင် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ရုရှားအစိုးရက ဆန်နှင့်ဆန်လုံးညိုတင်ပို့မှုကို ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ ကန့်သတ်ထားပြီးဖြစ်ပါသည်။

ရုရှားဈေးကွက်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ပျမ်းမျှဆန်စျေးနှုန်းမှာ ၃.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခင်နှစ်ထက် ၀.၁ ရာခိုင်နှုန်းပိုမိုကျဆင်းခဲ့ပါကြောင်း၊ ဂျုံစျေးနှုန်းများမှာ ယခုနှစ်အစောပိုင်းနှင့်ယှဉ်လျှင် ၄၃ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည့်အတွက် ရုရှားနိုင်ငံရှိ ကောက်ပဲသီးနှံဈေးကွက်၏ စျေးနှုန်းအခြေအနေမှာ ယခင်အတိုင်းပြန်လည်တည်ငြိမ်လျက်ရှိပါကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဂျုံနှင့်ပတ်သက်၍ စိုက်ပျိုးရေးစျေးကွက်လေ့လာရေးဌာနညွှန်ကြားရေးမှူးချုပ် Mr. Dmitry Rylko မှ ၂၀၂၂ ခုနှစ်၊ ဧပြီလကတည်းက ကျဆင်းလာခဲ့သည့် ဂျုံလက်ကားဈေးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ စတင်မြင့်တက်ခဲ့ပါကြောင်း၊ စက်တင်ဘာလတွင် ဂျုံလက်ကားစျေးသည် ပို၍တိုးလာနိုင်ကြောင်း Kommersant သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါကိစ္စသည် ကုန်ပစ္စည်းပြတ်လပ်မှုနှင့်ပတ်သက်၍မဟုတ်ဘဲ စျေးနှုန်းများမြင့်တက်လာနိုင်ခြင်းသာဖြစ်ပါသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံအတွင်း ဆန်နှင့်ဂျုံများကို ၂၀၂၂ ခုနှစ်ထက် ပိုမို၍ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ဂျုံထုတ်လုပ်မှုသည် ပြီးခဲ့တဲ့နှစ်ထက် တန်ချိန် ၁.၂၂ သန်း ပိုများလာနိုင်သည်။ သတင်းအချက်အလက်များအရ ရုရှားတွင် တစ်နှစ်လျှင် ဂျုံတန်ချိန် ၄၀၀,ဝဝဝ ခန့် စားသုံးကြသည်။ ထို့ကြောင့် စားနပ်ရိက္ခာဖူလုံရေးအတွက်သာမက ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လုံလောက်စွာရှိနေပြီဖြစ်ကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆန်နှင့်ဂျုံတို့သည် လူမှုရေးအရ အရေးပါသောစားသောက်ကုန်များဖြစ်ပြီး ရုရှားအစိုးရမှ စားနပ်ရိက္ခာဖူလုံရေးအတွက် ထုတ်ပြန်သည့်ကန့်သတ်ချက်များသည် နိုင်ငံအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်ဖြစ်စေမှုစသည့်ပြဿနာများကို ဖြေရှင်းပေးနိုင်ရုံသာမက စားသုံးသူပြည်သူလူထုအတွက်ပါ ကုန်စျေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိတွင် ရုရှား၌ ဆန်နှင့်ဂျုံပြတ်လပ်မှုဖြစ်နိုင်သည့် သတင်းအချက်အလက်များမတွေ့ရှိရဘဲ ယခုနှစ်တွင် ကောက်ပဲသီးနှံများရိတ်သိမ်းမှုသည် နိုင်ငံအတွင်း ပြည်တွင်းစားသုံးမှု အပြည့်အဝဖြည့်ဆည်းပေးနိုင်သောအဆင့်သို့ ရောက်ရှိမည်ဟု သုံးသပ်ရပါသည်။

Source : https://tass.ru/ekonomika/18420031

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News